Showing posts with label ကဗျာ များ. Show all posts
Showing posts with label ကဗျာ များ. Show all posts

Friday, June 5, 2009

တိတ်ဆိတ်မှုတွေသာစိုးမိုး
အမှောင်တွေကြီးစိုးတဲ့ညတွေမှာ
စောင့်မျှော်သူမရှိတဲ့
အဖော်မဲ့အခန်းငယ်ဆီ
အိမ်ပြန်ချိန်တွေ ငါကြောက်တယ် ….။

ဒီလိုနဲ့
မင်းဟာငါ့ဘ၀ထဲကိုဝင်ရောက်
အမှောင်ကိုမကြောက်ပဲ
ငါ့အိမ်အပြန်လမ်းတွေ တောက်ပလာခဲ့တယ်…။


တိတ်ဆိတ်တဲ့ င့ါအခန်းငယ်ထဲ
ကော်ဖီတခွက် ကွန်ပြူတာတလုံးနဲ့
ခုတော့..ငါ့ညတွေအဓိပါယ်ရှိခဲ့ပြီ…။

Thursday, May 28, 2009

ဒီအချိန် နင်ဘာတွေများလုပ်နေမလဲ
ဘယ်သူနဲ့များ ချစ်နေမလဲဆိုတာ
တွေးလိုက်မိတိုင်း
နင့်အနားမှာ ရှိမနေနိုင်တဲ့
ငါ့ဘ၀ကို နာကျည်းမိတယ်…။
ချစ်ခဲ့တာဝေးကြဖို့မဟုတ်ပေမယ့်
ဝေးရဖို့ကြိုတင်မျှော်လင့်ထားရတဲ့
ငါ့ဘ၀ကိုလည်း နာကျည်းမိတယ်…။

ဖြစ်နိုင်မယ်ဆိုရင်
နင့်ဘေးနားမှာအရိပ်လိုနေ
နင်နဲ့အတူ စကားတွေဖောင်ဖွဲ့ ချင်နေပေမယ့်
အခုတော့..
နင့်ဘေးနားက မိန်းမလှတွေကိုငေးကြည့်
ဘာမှမဖြစ်သလို ဟန်ဆောင်ထားရတဲ့
ငါ့ဘ၀ကိုလည်း နာကျည်းမိတယ်…။

Friday, May 22, 2009

Honey

ပြင်းရှရှမင်းအချစ်တွေအောက်မှာ မိန်းမောရမယ့်အစား
မင်းရင်ခွင်မှာမှီတွယ်ပြီး
ပုန်းခိုမှေးစက်ခွင့်ကိုပဲ ပိုမက်မောမိပါတယ်…။

မင်းအနားက နတ်မိမယ်တွေလောက်
စူးရှရှမတောက်ပနိုင်ပေမယ့်
မင်းအတွက်
မှိန်ဖျော့ဖျော့လေးလင်းခွင့်ရရင်ပဲ
ငါကျေနပ်ပါတယ်…..။

ဆုံဆည်းခြင်းဆိုတာ ငါ့အတွက်မဟုတ်ခဲ့ရင်တောင်
မနက်ဖြန်တိုင်းမှာမင်းရှိတယ်ဆိုတဲ့အသိနဲ့
ခဏတာချစ်ခွင့်ရခဲ့ရင်ပဲ…
တဘ၀တာ သိမ်းဆည်းထားလိုက်မှာပါ…ချစ်သူ။

Sunday, March 29, 2009

ရေပွဲတော်

မိုးစက်လေးတပေါက် နှစ်ပေါက်ကြရုံနဲ့ပဲ
နွေခေါင်ခေါင်မှာ
ပိတောက်ဟာ အတောင်တဖျပ်ဖျပ်ခါ လို့
တပင်လုံးကို အ၀ါရောင်ချယ်တယ်

သြဥ ဟာ သင်္ကြန်ကို ကိုက်ချီ
နွေရာသီအလယ်ကို ပြစ်ချထားခဲ့တယ်
ကဲ.. ဘာ တဲ့ လဲ
...တူးပို့........တူးပို့......ဆိုတဲ့အသံ...
ခင်ဗျားကြားရပြီမဟုတ်လား


မြနန္ဒာ ပဲ ဖွင့်ဖွင့် အနောက်တိုင်းတေးသွားပဲ ဖွင့်ဖွင့်
ဘောင်းဘီ ကျပ်ကျပ်ပဲ ၀တ်ဝတ်
ဘောင်ဘီ ပွပွ ပဲ ၀တ်ဝတ်
ဘာဖြစ်ဖြစ်လေ..............
အစဉ်အလာ ဟာ ကျွန်တော်တို့သွေးကြောထဲမှာ စီးဆင်း စဲ


နွေဥတုမှာ သက်တံ့ကဖြာတယ်
ရေတွေပေတဲ့ ၀တ်စုံကို ၀တ်လို့...
ကျွန်တော်.........
ဒီတခါ နှစ်ကူးချိန်
နာမည်ကျော် အင်းယားလမ်းမှာရှိနေမယ်...

Wednesday, March 25, 2009

နှင်းဆီလက်ဆောင်

မနေ့ကအထိတော့သေချာတယ်
ဘယ်သူ့တယောက်ကိုမှ ငါ.....
ရင်မခုန်ဖူးခဲ့တာ..
ခုတော့.........
နံနက်ခင်းနှင်းဆီနဲ့အတူ...
ဗီးနပ်စ် ရဲ့ ဘာသာစကား
ငါနားလည်သွားခဲ့ပြီ....

အဲဒီ့ အချိန်က စလို့ပေါ့..
မျက်ဝန်း တစုံဟာ ငါ့နှလုံးသားကို သိမ်းပိုက်
အလံ နီ စိုက်ထားခဲ့တယ်..............

ချစ်ချင်းတရားဆိုတာ.....
ဆောင်းလိုဖြူပြီး နွေလိုပူလောင်တယ်
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ စိုက်ပျိုးခဲ့ပြီ
အိမ်မက်၊ရင်ခုန်သံ၊ယုံကြည်မှုတို့နဲ့
နှင်းစီပွင့်မဲ့နေ့ကို စောင့်မယ်...........

Sunday, March 22, 2009

မိုးဥတု (၂)

မိုးစက်တွေနဲ့ ကလကာ ဖွင့်ခဲ့ ပြီး
မိုးစက်တွေကြားမှာ မှုန်ဝါးခဲ့ပေါ့
ဘယ်သူမှ ကြိုတင်မမြင်နိုင်ခဲ့ သလို ငါတို့ ဟာလဲ
ကံကြမ္မာ ရဲ့ အကွက်ရွှေ့ချင်းကို ခံခဲ့ရတဲ့ နယ်ရုပ်တွေ မဟုတ်လား

သေလောက်အောင်လွမ်းဖို့ရာ
ငါတို့ချစ်ခဲ့ကြလား

ဖေဖော်ဝါရီ ၂၃
ဒဂုံတက္ကသိုယ် ၂၀၂ ဘက်စ်ကား
မင်းသိပ်ကြိုက်တဲ့ ဂန့်ဂေါ် ရနံ့တို့
ငါ့ဘ၀မှာ အနက်ရှိုင်းဆုံး ဆူးနစ်ဆဲ

အိမ်မက်ကို ကိုးကွယ်နေတတ်ယုံကလွဲလို့
ငါဟာ....
လမ်းမပေါ်က
ခပ်တုံးတုံး ငနဲ တကောင်ပဲ မဟုတ်လား

ရည်မှန်းချက်တွေ ပြိုကွဲ
ပန်းတိုင်မဲ့ ခြေလှမ်းတွေနဲ့
ငါ လမ်းပျောက်ဆဲပါ

အိပ်ယာဝင်အလွမ်းတွေနဲ့ ကိုယ်ဆုတောင်းနေမယ်
တခြားတယောက်ရဲ့ အရိပ်မှာ
ငါ့ချစ်သူ ပျော်ရွင်နိုင်ပါစေ
ကိုယ်ကတော့
နှလုံးသားတခြား လူတခြားနဲ့
လမ်းမှားကိုလျှောက်နေတုန်း

ငါဟာ...........

နိမိတ်ကောင်းတဲ့ အိမ်မက်တွေ မက်ဖို့အတွက် အလွမ်းမရှိဖို့လိုတယ်
နက္ခက်မှားနေတဲ့ ငါ့ကမ္ဘာမှာ အရာရာဟာ အ၀ါရောင်တောက်နေဆဲ

နဂိုရည်ပျက်နေတဲ့ နှလုံးသားနဲ့
ငါဟာ...........
တစုံတယောက်ရဲ့
ရက်စက်မှုမှာ
ခိုကိုးရာမဲ့
ပျော်ဝင်နေပေါ့
တယောက်ထဲကိုပဲ ချစ်ခဲ့တယ်
တယောက်ထဲကိုပဲ လွမ်းနေမယ်

မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ငါပုန်းကွယ်နေမယ်

Sunday, January 25, 2009

နင်..သိလားချစ်သူ...

နင်..သိလားချစ်သူ...
တစုံတရာတွက်ကျေးဇူးတင်စကားတွေ..
ရေပြည့်နေတဲ့..အိုးထဲက..
လမင်းကြီးလိုပဲ..
ပြည့်ဖောင်း..တည်ငြိမ်လေရဲ့..
........................................................
ထိတွေ့လိုက်တဲ့ခါလေ
လှုပ်ယက်လိုက်တဲ့...
လှိုင်းလေးတွေတွက်..
မထိုးဆွလိုက်နဲ့နော်......
ငါ့..ရင်ဘတ်တွေ...တိုးကြေကုန်မှဆိုးလို့...
.........................................................................
မေးခွန်းတွေတွက်...အဖြေရှိနေတဲ့..
နေ့ရက်တွေထဲမှာ...
တခါတခါ..တယောက်တည်း....
တည်ငြိမ်နေရပေမယ့်....
ငါ့နှလုံးခုန်သံတွေ....ပြန်ကြားနေရတဲ့..
နာရီလက်တံတွေရဲ့...
နှုတ်ဆက်စကားတွေထဲမှာ..
ငါ...မပါပရစေနဲ့.....
..............................................................
အားလုံး...အဆုံးသတ်ရတဲ့ခါ...
နိဒါန်းပြန်လှန်ကြည်တတ်တဲ့..
နင့်အတွက်...
စာကိုယ်ပိုက်မှာ..ငါက...
ခံစားစရာကောင်...သရုပ်ဆောင်..
ဖြစ်ခွင့်ရတာ...ကျေနပ်..မပြုံးတွေ..
နေနေတတ်ပါပီ...
.....................................................
နင်.........မေ့တတ်လာတဲ့အခါလေ
မေ့ထားခဲ့တဲ့ပုံစံလေး..ရိုးစင်းနေတယ်...
အထူးဆန်းကျန်ရစ်ရမယ့်..
ငါ...က.
အပြုံးမျက်ရည်.....
မရည်ရွယ်ပဲကျလာရင်...
ရူးရူးမူးမူး..
ခါးသီးတတ်မယ်..နင်ရယ်..

တစ်ခြမ်းပဲ့လမင်း

တစ်ခြမ်းပဲ့လမင်း
စိတ်ထင်ရာစိုင်းသွားတဲ့မင်းကို
ရင်အကွဲခံပြီးအပြုံးတွေနဲ့ ကြိုနေပေးသူပါ
ခဏသာရတဲ့ မင်းအပြုံးတစ်ခုအတွက်
ရင်ဘတ်တစ်ခုလုံး
ဟင်းလင်းပြင်လေဟာနယ်ဖြစ်သွားရင်တောင်
ထာဝရပေးဆပ်မယ့်သူပါ …………
ရေးရေးလေးမက်ခဲ့ဘူးတဲ့ အိမ်မက်ကို
ပြန်လိုချင်တဲ့ အရူးတစ်ယောက်လို
( မင်းကြောင့် )
အတွေးတွေနဲ့ ယဉ်ယဉ်လေးရူးနေသူပါ…………………
တကယ်တော့ ငါဟာ
မိုးပေါ်က တခြမ်းပဲ့လမင်းကို
လှောင်ရယ်မိလို့
ရင်ဘတ်ထဲကနှလုံးသား
တစ်ခြမ်းပဲကျန်တော့တာကို
သတိမပြု ခဲ့မိသူပါ…….

Saturday, July 19, 2008

ဗဟိုခံစားချက်

အချစ်နဲ့ မီးခိုးသည်
ဝှက်ထား၍ မရတဲ့....

ရင်ခွင်မှာတငွေ့ငွေ့ လောင်နေတယ်။
ပန်းကလေးရေ...

ကိုယ်က သူရဲကောင်းမဟုတ်တော့
မင်းစိတ်ပျက်မှာစိုးမိတယ်

အခါတရာခင်တာထက်
မင်းရဲ့ တစ်ခါလောက် ချစ်ခြင်းကိုပဲ
ခံယူချင်တယ်။

ကိုယ့်အချစ်ကို ဖော်ပြဖို့အတွက်
ရှိပြီးသား ဝေါဟာရတွေလဲ
အဓိပ္ပါယ် မပြည့်စုံခဲ့...။

နောက်ဆုံးတော့
မခံမရပ်နိင်စွာ ဟစ်ကြွေးတယ်
'သိပ်ချစ်တယ်'............

Thursday, April 17, 2008

ငါ ဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ်

လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ငါဟာ တစ်ဆယ့်နှစ် နှစ်သားပေါ့
ငါနားလည် တဲ့ အရာက
ဂျီကျဖို့ နဲ့ ဂျင်ပေါက်ဖို့ပဲ။

ဒီလိုနဲ့ ခုနှစ်တွေကို တဟုန်ထိုးဖြတ်သန်း
သားချော့တေး မဆိုတော့တဲ့ အမေ ဟာ
မျက်နှာမှာ အရေးအကြောင်း တွေပိုများလာတယ်။
ဒါဟာ......ဇရာကပြောတဲ့ဘာသာစကားလားလို့
ငါ.........
ကမူးရှူးထိုး စိုးရိမ်ပစ်ခဲ့ပေါ့။

၁၀တန်းကို
နှစ်ချင်းပေါက် ကျရှူံးပြီး ချိန်မှာတော့
ဘ၀ဆိုတာကို ဝေေ၀၀ါးဝါး
ငါနားလည်ခဲ့

ဘ၀က
ပြသဒါးလိုက်
ရက်ရာဇာလိုက်၊
ကိုယ့်အိမ်မက်နဲ့ကိုယ်
ငါကျေနပ်နေလိုက်တယ်။

စွယ်တော်ဒိုင်ယာရီကို
ဖျက်ဆီးပစ်လိုက်ပြီ။
ငါ့နဲ့ချစ်သူ
မနှစ်က ပြတ်ဆဲပြီးပြီလေ..........
ဒါနဲ့ ဆယ်စုနှစ်တစ်ခုဟာ
ဘယ်လောက်ကြာသလဲ။
ရေပွက်ထဲက ရေပွက်လေးလား.........
အိပ်မက်ထဲက အိပ်မက်လေးလား.........။ ။

စွယ်တော် ရွက်

ငါ့အသံကိုကြားရဖို့ အတွက်
မင်းရဲ့စိတ်တခါးကို ဖွင့်ထား.......။
တို့နှစ်ယောက်အတွက်
အချိန်မလိုဘူး
နေရာမလိုဘူး
စိတ်ချင်းကသိပ်နီးလွန်းတယ်မလား။

ကျိန်တွယ်ပြီးသောက်ခဲ့တဲ့ သစ္စာရေထက်
နှလုံးသွေးက ပိုပြီးတည်တံ့ခဲ့။

ဒီစကားလုံးလေး....................
မုသားမပါပဲလက်ာချောတယ်
`ချစ်တယ်´ ကွယ်။

နောက်ဆုံးပြောရရင်....
ငါတို့ရဲ့ နမိတ်ပုံမှာ
ဘယ်တော့မှ ဖန်ခွက်မကွဲဘူး။ ။

ရည်းစား စကား

တွေးကြည့်ပါအုန်း
နင်သာ ယောက်ျား လေး တယောက်ဖြစ်ခဲ့ ပြီး
နင်သာ မိန်းခလေး တယောက်ကို ချစ်ခဲ့ မိရင်
သမိုင်းအဆက်ဆက်က လက်ဆင့်ကမ်းခဲ့တဲ့ စကား
နင်ပြောမိမှာ အသေအချာပဲ

တွေးကြည့်ပါအုန်း
ချစ်တယ် ဆို တဲ့ စကားမှာ...........
စိတ်ဆိုးစရာဘာများပါခဲ့လဲ
ရိုးသားချင်းဟာ
အဖြူထည် ဖြစ်တဲ့အတွက်
နင် မမြင်နိုင်မှာ စိုးတယ်

ငါ့ ကဗျာမှာ နင်ပျော်ဝင်နိုင် ပါစေ
နင့် ရင်ဘတ် မှာ ဒူးထောက် နေတဲ့
ငါ့အတွက်
နတ်ဖုရား မရေ............
ပြစ်ဒဏ် တခုခုတော့ချမှတ်.............

ငါ့ဝိဥာဉ် ရဲ့ ထမြောက်ရာ
တေးသွားတို့ သီကြူးတဲ့ မင်းရဲ့နှလုံးသား တစ်စုံလုံးဟာ
ငါ့အတွက်မို့ ငါကျေနပ်တယ်
လိပ်ပြာတွေ မတွေ့တဲ့ ဥယျာဉ်ထဲက ပန်းကလေးကို
ဝတ်ရည်ချိုချို နဲ့ ယစ်မူးခွင့်ပြုပါ။

အရာရာ အလေးအနက်မထားတဲ့ငါ
ခုမင်းနဲ့ကြမှ ရာဇ၀င် ပြောင်းပြန်ဖြစ်ပေါ့
မင်းအကြောင်းတွေးတိုင်း ပန်းတစ်ပွင့် ပွင့်မည်ဆိုပါလျှင်
ပန်းခင်းကြီးတွေ အလယ်မှာ မင်းထာဝရ မှေးစက်နိုင်တယ်ချစ်သူ

ငါ့အတွက်နင်ဟာ
ခံစားချက်ဖြစ်တည်စေတဲ့ မှော်ဂါထာ တစ်ပုဒ်ပါ
ကိုယ့်နှလုံးသားကို ခံစားမှု ကျိန်စာချခဲ့တဲ့ ချစ်သူ
မင်းရင်ခွင်ကို ထာဝရသိမ်းပိုက်ခွင့်ပြုပါ။

အလွမ်းကျိန် စာ

လွမ်းတယ် ကောင်မလေးရယ်
နင်မပါပဲ ငါ့ရဲ့နေ့ရက်တွေကိုသောက်သုံးရတာ မချိုမြိန်တော့ဘူး
နင်လွှမ်းခြုံထားတဲ့ နေရာမှာပဲ
ငါ့ဘ၀ ရှင်သန်ချင်တယ်

မင်းခြွေချခဲ့တဲ့ နေ့ရက်ကလေးတွေကိုပဲ
ငါ အငမ်း မရမော့သောက်ရမှာပေါ့
ငါ့ကိုယ်ငါ ကျေကျေနပ်နပ်အမိခံခဲ့တဲ့
အလွမ်းကျိန်စာဟာ
နင်မရှိသရွှေ့ ပြယ်မှာမဟုတ်တော့ပါဘူး.........................

အတိတ် စိတ်

အိပ်ခန်းလေးတောင် တိတ်ဆိတ်နေပြီ............
ရယ်သံလွင်လွင်များနဲ့......
အလိုမကျတဲ့အခါ ပြောတတ်တဲ့
ရန်စကားလေးတွေကို တမ်းတနေမိတယ်။

အလွမ်းဆိုတာ.........ချွန်ထက်တဲ့မြှားတစ်စင်းလို
ငါ့ရင်တည့်တည့် စိုက်လို့ပေါ့..။
တကယ်ပြောတာပါ
အဲဒီ... မြှားတန်းလန်းနဲ့ပဲလိုက် ခဲ့ချင်တယ်
သူများတွေအတွက် အချိန်ကုန်မြန်တယ်ဆိုတဲ့စကား
ငါ့အတွက်တော့မှားတယ်။ ။

ပြကဒိန် က ရက်စွဲတွေကို ဆော့ပင်နဲ့ခြစ်ရင်း...........
ငါ.............နာရီကသိုဏ်း ရှုတတ်နေပြီ

သံသရာ

ငါနင့်ကို လွမ်းနေတုန်းကပေါ့.........
မေမေ ပျိုးထားတဲ့ နှင်းဆီပင်လေးကို
ရေဖျန်း ဖူးတယ်။

နင့်ကို ငါသတိရတုန်းကပေါ့..
အိမ်ရှေ့ကခုံကလေးမှာထိုင်ပြီး
စိတ်ကူးနဲ့ကဗျာ စပ်ဖူးတယ်။ ။

ဒီလိုနဲ့ပဲ........
...သတိရလိုက်......
လွမ်းလိုက်......
တမ်းတလိုက်....
နေသားတကျ ဖြစ်လာတဲ့ အလွမ်းက
ငါ့အတွက်...
နံနက်ခင်းကို သယ်ဆောင်မလာချင်ဘူး။ ။

နှင်းဆီ အိမ်မက်

ငါခိုနားဖူးတဲ့ ရင်ခွင်က
မနေ့က နှင်းဆီနဲ့အတူ
ကြွေပြီ............
တိတ်တိတ် ဆိတ်ဆိတ် နေထိုင်
ဘ၀ကို မျက်ကန်းနေသူ တစ်ယောက်
ဝင်သက်ထွက်သက်မှာ
အလွမ်းရနံ့ မကင်းဘူး။

အလင်းပျပျ လရောင်
ငါရယ်..........ညရယ်..................အနုပညာရယ်
မဆုံးနိုင်အောက်ရွက်လွင့်ဆဲ
တချိန်တုန်းက အိပ်မက်ကလေးအတွက်
ငါ့ကဗျာဟာ မီးတောက်ထဲသို့ယောင်လဲ
ညီမလေးရေ..........
အလွမ်းမှာ ဆင်ခြေဆင်လက်မရှိဘူး

မျက်ဝန်းတို့ဝေသီ
တစ်ကိုယ်တော် စိတ်အဆွေးနဲ့
ဒီတေးချင်း ကို ဖွဲ့တယ်
ငါ့နှင်းဆီက
မနေ့က ရင်ခွင်မှာလွင့်လိ့ကြွေ

ဒီလိုနဲ့ပဲ ကဘာဟာ
`လ´ ကို တပတ်ပြီး တပတ်ပတ် တယ်
ချစ်မိသူ တစ်ယောက်ရဲ့ရာဇ၀င်မှာ
အရှူံးကြီး ရှူံးတာဟာပဲ
ပန်းပွင့်ထက် ချိုလေရဲ့.............

ဘ၀အက်အက်ကို
ခေါင်းလောင်းလုပ်ထိုးတော့
အလွမ်းအက်အက် သာထွက်ကြလာလေရဲ့.......
အဝေးကမိုးရာသီလေး
ဘယ်ပင်လယ်အတွက် ငိုကြွေးနေမလဲ

ဂျစ်ပစီ ညကို အဖော်ပြုလို့
ကိုယ်.............ဂစ်တာလွယ်လိုက်တယ်
အဖော်ခေါင်းပါးနေတဲ့ ဂီတနဲ့
တိတ်တဆိတ် ဆိုညည်း
ကလေးရေ.....လွမ်းတယ်။

အလုပ် ထွက် သွားသော ဥယာဉ်မှူး

ဥယာဉ်မှူးမရှိရင်
ရှင်သန်ခွင့် မရှိတဲ့ အပင်လိုမျိုး
တလောကလုံး ညိုရော်ခြောက်သွေ့
ငါ့ရဲ့..............မိုးဥတုလေးရေ............
လက်ကိုင်ပ၀ါလေးများ..............ဗီရီုထဲမှာ
ထိုင်ခုံအိုလေး ဖုန်တက်လို့
ညဘက်တွေကြားနေရတာက
ပင့်ကူများ ရဲ့ လှောင်ရယ်သံ
အိပ်မက်တွေ မက်လား၊မမက်လား?
မမှတ်မိတော့
ပူပူ အေးအေး................
တမ်းတစိတ်ကတော့အသွင်ပြောင်းမသွားခဲ့ဘူး

ဟေ့................
ဒီမှာ..................................မင်းမမြင်နိုင်တဲ့ ဝေဒနာ
ငါ့ကို ပြန်လည် စိမ်းလန်းခွင့်ပေး.....................

နံနက်ဦးတုန်းက..
ကျေးငှက်ကလေးတွေရဲ့ တစာစာ အသံမှာ
နင့် နာမည် ပါလာ မလား
ငါရှာကြည့် ဖူးတယ်။
ကလေးရယ်....
တို့နှစ်ရောက် ချစ်ခဲ့သမျှ
ဝေးကြရဖို့လား.......။

ကိုယ်တို့ရဲ့အဖြစ်အပျက်ကို
တစ်ကဘာ လုံးကြားအောင်
အော်ဟစ်ပစ်လိုက်မယ်။
သူတို့ ဘယ်လိုအကြံပေးကြမလဲ
ကိုယ် နားစွင့်ချင်ပါသေးရဲ့............

မင်းပါးပြင်လေး ခိုးနမ်းဖူးတဲ့
တစ်ခါတုန်းက ည ၁၂း၅၁ မိနစ်ကို
လွမ်းတယ်............
အတူတူ ဆိုညည်းဖူးတဲ့
သီချင်းစာသားတစ်ပိုင်းတစ်စကိုလွမ်းတယ်။

ဘယ်သူတွေဘာပြောပြော
အခုအချိန်မှာ
ကိုယ်ဟာ အရာရာကို လွမ်းပစ်လိုက်ဖို့
အဆင်သင့်ဖြစ်နေပြီ။

ပုံပြင်လေး မပြီးဆုံးပါစေနဲ့ဦး
ဇူလိုင် မိုးစက်တို့နဲ့အတူ
ထီးတစ်ချောင်းအောက်
နှစ်ယောက် အတူတူ ခိုလှုံချင်သေးတယ်။ ။